ကျွန်းစု ဒီဇင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကျွန်းစုမြို့၊ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသုံးစွဲရာတွင် လိုက်နာရမည့် စည်းကမ်းများ အသိပညာပေး ပြောကြားခဲ့ပြီး မီးဘေးလုံခြုံရေး လက်ကမ်းစာစောင်များ ဖြန့်ဝေသည်။
ထို့နောက် ဆေးရုံအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဝိုင်ယာကြိုး သွယ်တန်းထားရှိမှုနှင့် လျှပ်စစ်ပစ္စည်းများ အသုံးပြုနေမှုများ၊ ရေစည်/ရေကန်များ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိမှု အခြေအနေများအား စစ်ဆေးခဲ့ကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)