တမူး ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်အတွင်း ၂၀၂၅ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပရာတွင် အဓိကကျသည့်မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် မြေပြင်ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း (Door to Door)စနစ်ဖြင့် ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ ၂နာရီက ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တမူးမြို့နယ်အတွင်း တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁) အုပ်စု တို့တွင် (ဒုတိယ) အကြိမ်မဲစာရင်းများ ကပ်ထားကြေညာမှုကို ပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် အိမ်တိုင်ရာရောက်မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မိမိရပ်ကွက်/ ကျေးရွာအတွင်း နေထိုင်သည့်အိမ်ထောင်စုအလိုက် မဲစာရင်းပါ၊မပါတိုက်ဆိုင် စစ်ဆေးစာရင်းကောက်ယူနေမှုကို ကြည့်ရှုကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ (၆၆/၆) ရှိပြီး မဲစာရင်း၌ မိမိအမည် မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ (၄) ဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ (၄-ဂ) ဖြင့်လည်းကောင်း မဲစာရင်းထုတ်ပြန်ကြေညာသည့်ရက်မှစ၍ (၁၄)ရက် အတွင်းသက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာကော်မရှင်အဖွဲ့ခွဲများမှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
ကျော်သူရ