ရွှေကျင် ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် လူငယ်များ အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် (၁၀) နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အနောက်ဘက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မှ ကျောင်းဆရာမကြီး ဒေါ်နှင်းမို့မို့က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်းက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ကျောင်းသား/ ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး လူငယ်စကားဝိုင်းအားစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်း ပါဝင်ပြီး Grade(8)မှ ကျောင်းသား မောင်ကျော်မင်းခန့်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ Grade(8)မှ ကျောင်းသား မခင်ချစ်လွန်းသာက လူငယ်နှင့်ယဉ်ကျေးမှု၊ Grade(8)မှ မောင်ဖြိုးဟိဏ်ခန့်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade(8)မှ မောင်ဟိန်းထက်မင်းက လူငယ်နှင့်အနာဂတ် အစရှိသည့် အကြောင်းအရာများအား ခေါင်းစဉ်အလိုက် ဆွေးနွေးသွားခဲ့ကြသည်။အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများမှ မိမိတို့သိရှိလိုသည့်အကြောင်းအရာများအား မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဥ်အလိုက် ကျောင်းသား/ကျောင်းသူလေးများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ (၈၅) ဦးတို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ၊ ရသစာအုပ်၊ စာစောင်များအား ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)