စေတုတ္တရာ ဒီဇင်ဘာ ၁
စေတုတ္တရာမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ(၂၈)ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များအသုံးပြု၍ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြို့နယ်အဆင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာနည်းပညာအထောက်အကူပြုအဖွဲ့များအား မဲပေးစက်များ Installation ပြုလုပ်ခြင်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလွန်းဆောင်က မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာနည်းပညာအထောက်အကူပြုအဖွဲ့အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးဌေးလွင်က မဲပေးစက်များ Installation ပြုလုပ်ခြင်းအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းဆွေးနွေးခြင်းနှင့် လက်တွေ့ဆောင်ရွက်နည်းတို့ကို ပြသပေးခဲ့သည်။
အဆိုပါသင်တန်းသို့ စေတုတ္တရာမြို့နယ်ရှိ ဌာနဆိုင်ရာအသီးသီးမှ သင်တန်းတက်ရောက်သူ ဝန်ထမ်း (၃၀)ဦး၊ ကြီးကြပ်ဌာနဆိုင်ရာအကြီးအကဲ (၅)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)