ဂန့်ဂေါ နိုဝင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ၂၀၂၅ခုနှစ်၊ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူးဖလား အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက ခရိုင်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦးနှင့် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင် များ/မိသားစုဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူးဖလား အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်ဖြစ်သည့် တတိယလုပွဲကိုကျင်းပရာ ပြည်ချစ်မေအသင်းနှင့် ယောသူမေအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ယောသူမေအသင်းက ပြည်ချစ်မေအသင်းကို ၄ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒိုင်လူကြီးများအား ဂုဏ်ပြုလက်ဆောင်များနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုရရှိသည့် ယောသူမေအသင်းမှ ဂိုး ရဲဒုတပ်ကြပ် ဝါဝါကြည်သူအား ဂန့်ဂေါခရိုင်လုံခြုံရေးအကူတပ်ခွဲမှူး ရဲမှူး တင်ကိုကိုမှလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသည့် သစ္စာအားမာန်အသင်းမှ ကျောနံပါတ် (၆) ရဲတပ်သား ဖူးပွင့်ဝေနှင့် ပွဲစဉ်တစ်လျှောက် ဂိုးသွင်းအများဆုံး အားကစားသမားဆုရရှိသည့် ဇွဲမမအသင်းမှ ကျောနံပါတ် (၁၀) ရဲတပ်သား ငြိမ်းငြိမ်းစိုးအား ဒေါက်တာယဉ်မင်းထွန်းမှလည်းကောင်း၊ အသင်းပါဝင်ယှဉ်ပြိုင်ဆုရရှိသော မဟေသီအသင်းနှင့် ပြည်ချစ်မေအသင်းတို့အား ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးဌေးမင်းမှလည်းကောင်း ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ၂၀၂၅ခုနှစ်၊ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူးဖလား အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသည့် ယောသူမေအသင်းအား ဂုဏ်ပြုဆုငွေကျပ် နှစ်သိန်းကို ဗိုလ်ကြီး သက်ပိုင်စိုးမှလည်းကောင်း၊ ဒုတိယဆုရရှိသည့် ဇွဲမမအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေကျပ် သုံးသိန်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဝင်းမှလည်းကောင်း၊ ပထမဆုရရှိသည့် သစ္စာအားမာန်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေကျပ်ငါးသိန်းနှင့် တံခွန်စိုက်ဆုဖလားတို့ကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦးမှလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူးဖလား အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း (၅)သင်းပါဝင်ကာ အုပ်စုပတ်လည်အမှတ်ပေးစနစ်ဖြင့် နိုဝင်ဘာ ၁၆ ရက်မှ ၂၉ ရက်နေ့အထိ ခရိုင်ပြည်သူ့အားကစားကွင်းကြီးတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မောင်မျိုးမင်း