မကွေးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်

မကွေး  နိုဝင်ဘာ ၃၀

မကွေးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးရှင်လင်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်/မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို မဲပေးကြမည့် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား စနစ်တကျနှင့်ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးရည်ရွယ်၍ အသိပညာပေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM အကြောင်း သိကောင်းစရာများ၊ ၎င်းစက်အသုံးပြု၍မဲပေးခြင်းနှင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်၊ကျေးရွာနေ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှထုတ်ပေးသည့်မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိမဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေးပြီး မဲရလဒ်မှန်၊ မမှန်စိစစ်ခြင်းစသည့် မဲပေးပုံအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

ခရိုင်(ပြန်ဆက်)