မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပ

သရက် နိုဝင်ဘာ ၂၉

ကျောင်းသားလူငယ်များ စာကြည့်တိုက်ကိုအသုံးပြုတတ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဘက်စုံဖွံ့ဖြိုးပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်(၉)နာရီက သရက်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ သရက်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချူပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးနှင့် ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ရှေးဦးစွာ သရက်မြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး သရက်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချူပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အမှာစကား ပြောကြားသည်။

ယင်းနောက် အခြေခံပညာ အထက်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ပထမဆုရရှိသူများက ပြန်လည်ဖျော်ဖြေခဲ့ကြပြီး   “အမြဲမပြတ်လေ့လာသင်ယူရေး စကားဝိုင်း” “Never Stop Learning Talk Show” တွင် ပါဝင်ဆွေးနွေးသူများအား သရက်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်ပြီး အခြေခံပညာအထက်တန်းဆင့် ကျပန်းစကား ပြောပြိုင်ပွဲ၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့် ပုံပြင်ပြော ပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူများအားတာဝန်ရှိသူ အသီးသီးက ဆုများချီးမြှင့် ပေးအပ်ခဲ့ကြပြီး အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ဘက်စုံပညာကိုရည်တို့လှမ်းချီ” သီချင်းသီဆို၍ အခမ်း အနား ရုတ်သိမ်းခဲ့သည်။

သရက်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ နိုဝင်ဘာလ (၂၈)နှင့် (၂၉) ရက်များတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ်  ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကျင်းပခြင်း “အမြဲမပြတ်လေ့လာသင်ယူရေး စကားဝိုင်း” “Never Stop Learning Talk Show” တွင် စာရေးဆရာမ ခင်ဆွေဦးရေးသားသည့် “ဒို့တိုင်းဌာနီ” စာအုပ်အားဆွေးနွေးခြင်း၊ သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လှပသာယာပြည်မြန်မာရောင်စုံ ဓာတ်ပုံပြဘုတ်များနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ တစ်ဦးချင်းဂိုးသွင်း ကစားခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူက ပျော်ပျော်ပါးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။       

ခရိုင်(ပြန်/ဆက်)