လက်ပံတန်း နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၉ ရက်နံနက်ပိုင်းက အ.ထ.က (၁) လက်ပံတန်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ရှေးဦးစွာ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ တိုင်းဒေသကြီး ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ကြင်ကြင်သန်း၊ ပဲခူးတိုင်းဒေသကြီး (အနောက်)တိုင်း ပညာရေးမှူးဒေါက်တာချစ်ကိုကို၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးမျိုးဇော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးအဖွဲ့က လှူဒါန်းသည့် စာအုပ်စာစောင်များကို မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာဦးထံလည်းကောင်း၊ စာပေဟောပြောသည့် စာရေးဆရာများနှင့်ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ ဖျော်ဖြေတင်ဆက်သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် လူမှုရေးရာဝန်ကြီး၊တိုင်း/ခရိုင်အဆင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ ဘက်စုံပညာနှင့် ပတ်သက်သည့် ပြိုင်ပွဲဝင်နေမှုများ၊ ပျော်ရွှင်ဖွယ်ရာဂိမ်းကစားခြင်းများ၊ ကလေးစာဖတ်ခန်း၊ နံရံကပ်၊ ဓာတ်ပုံနှင့်စာအုပ်စာစောင်ပြခန်း၊ မီးသတ်တပ်ဖွဲ့ပြခန်း၊ စက်မှုစိုက်ပျိုးမွေးမြူရေးပြခန်း၊ သင်ထောက်ကူ ပြခန်း၊ ပန်းချီပြခန်း၊ စာအုပ်ဈေးရောင်းဆိုင်များနှင့် စတုဒီသာကျွေးမွေးခြင်းတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
လက်ပံတန်းမြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို အခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင် ကျောင်းများမှကျောင်းသား၊ ကျောင်းသူ (၂၅၀၀)ဦးခန့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)