ပဲခူး နိုဝင်ဘာ ၂၈
ပဲခူးမြို့၌ ပဲခူးမြို့ရှောင်လမ်းနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းတို့ ဆက်သွယ်ထားသည့် လမ်းဖွင့်ပွဲအခမ်းအနားအား နိုဝင်ဘာလ(၂၈)ရက် နံနက်ပိုင်းကကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့တွင်းလမ်းပိုင်းများတွင် ယာဉ်ကြောရှုပ်ထွေး ကျပ်တည်းမှု မဖြစ်စေရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းပြီး စိတ်အေးချမ်းသာစွာဖြင့် ဆက်သွယ်သွားလာနိုင်ရေးအတွက် ယခုလမ်းကို ဖောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပဲခူးမြို့မှ ရန်ကုန်-မန္တလေး အမြန်လမ်းသို့ သွားရာတွင် ဘုရားကြီးမြို့မှတစ်ဆင့် သွားလာခဲ့ရပြီး ပဲခူးဒေသသည် မိုးများသည့်ဒေသဖြစ်၍ နှစ်စဉ်ပဲခူးမြို့နှင့် ဘုရားမြို့ကြား ကားလမ်း ရေကျော်မှုများရှိခဲ့ကာ ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုကို ကြန့်ကြာစေခဲ့ကြောင်း၊ ယခုအခါ လမ်းသစ်ဖွင့်လှစ်ပေးခဲ့နိုင်မှုကြောင့် ရေကြီးမည်ဆိုပါကလည်း ခရီးသည်ပို့ဆောင်ရေးနှင့်ကုန်စည်စီးဆင်းမှုကို ကြန့်ကြာမှုမရှိ အဆင်ပြေစွာသွားလာနိုင်တော့မည်ဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများကလည်း မိမိတို့ခရီးသွားလာရာတွင် ယခုဖွင့်လှစ်ပေးခဲ့သည့်လမ်းမကြီးကို ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် လမ်းမကြီးများဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ပြီး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပဲခူးမြို့မှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသို့ တိုက်ရိုက်ချိတ်ဆက်၍ အချိန်တိုတွင်း စိတ်အေးချမ်းသာစွာ ခရီးသွားလာနိုင်ရေး လမ်းဖောက်လုပ်ပေးခဲ့မှုပေါ် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါလမ်းမသစ်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး လမ်းမကြီးတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပဲခူးမြိုတွင်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသို့ အချိန်တိုအတွင်း သွားလာနိုင်ရေးအတွက် ပဲခူးမြို့ အနောက်ဘက်မြို့ရှောင်လမ်း မိုင်တိုင်အမှတ်(၅/၇)မှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၂/၆)နှင့်(၃၂/၇)ကြား လသာကုန်း Underpass သို့ ဆက်သွယ်ထားသည့် (၈)မိုင်(၁)ဖာလုံ အရှည်ရှိသော (၂၄)ပေအကျယ် ကွန်ကရစ်လမ်းသစ်ကြီးအား ဖောက်လုပ်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)