တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် Grade -12 ကျောင်းသား/သူများနှင့် ဆရာ/မများအား တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

ပုသိမ် နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊ တောမြို့နယ်အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမတွင် ၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် Grade -12 ကျောင်းသား/သူများနှင့် ဆရာ/မများအား တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ပြီးသည့် အခါတိုင်း ပြန်လည်သုံးသပ်ခြင်းများကို ဆောက်ရွက်ခဲ့ပြီး နှစ်စမှ နှစ်ဆုံးအထိ အားနည်းချက်အားသာချက်များအား ပြင်ဆင်ဆောင်ရွက်ခြင်းများအား တွန်းတွန်းတိုက်တိုက်ဖြင့်ကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အထောက်အကူပြုနိုင်ရေးအတွက် တက္ကသိုလ်များမှ ဆရာ၊ ဆရာများ၊အခြေခံပညာအထက်တန်းအဆင့် သင်ကြားသည့် ဆရာ၊ ဆရာမများဖြင့်အရည်အသွေး မြှင့်ဆွေးနွေးပွဲများကို ခရိုင်များအလိုက်ပြုလုပ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင်ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော  ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား အဆင့်မြင့်ပညာများအား ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက် ဦးဋ္ဌေးမြင့်ပညာသင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ Global Earth Agro & Aqua Industry Public Co., Ltd သည် စက်ရုံပထမအဆင့်တည်ဆောက်ပြီးစီးတော့မည်ဖြစ်ရာ လုပ်ငန်းလည်ပတ်ရာတွင် လိုအပ်သည့်ဝန်ထမ်းဦးရေအား တိုင်းဒေသကြီးအတွင်း၌ရှိသည့် တက္ကသိုလ်ကောလိပ်သိပ္ပံများမှဘွဲ့ရရှိသူများအပြင် စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း အောင်မြင်သူများကိုလည်း အလုပ်ခန့်ထားပေးသွားမည်ဖြစ်၍ ကျောင်းသားကျောင်းသူများအတွက်  အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ လာမည့်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီး၏ အောင်ချက်မြင့်မားရေးအပြင် သိပ္ပံဘာသာတွဲတွင်လည်း ထူးထူးချွန်ချွန်ဖြင့် အောင်မြင်ရေးအတွက်လည်း ဆရာ၊ မိဘ၊ ကျောင်းသားကျောင်းသူများနှင့်တာဝန်ရှိသူ များအားလုံးကြိုးပမ်းဆောင်ရွက်သွားကြရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းသား၊ ကျောင်းသူများအားနည့်သည့်  ဘာသာရပ်များအလိုက်ထိရောက်စွာ အချိန်ပိုသင်ကြားပေးနိုင်ရေးကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် Grade-12 သင်ဆရာ၊ ဆရာများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများကိုလည်းကောင်း၊  ရပ်ဝေးဒေသမှ ငပုတောမြို့နယ်အတွင်း လာရောက်တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာများများအား ဆန်၊ ဆီများကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)