ပေါက်ခေါင်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများအား Ai နည်းပညာ လက်တွေ့အသုံးပြုနည်းများ ကွင်းဆင်းသင်ကြားပေး

ပေါက်ခေါင်း နိုဝင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရပ်သစ်ကျေးရွာ၊ ကင်မွန်းခြုံကျေးရွာနှင့် ဝတ်တိုးကျေးရွာတို့၌ နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများအား Aiနည်းပညာ လက်တွေ့အသုံးပြုနည်းများ ကွင်းဆင်းသင်ကြားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများအား AI နည်းပညာ (ဉာဏ်ရည်တု)ဖြင့် တောင်သူများ သိလို‌‌သော စိုက်ပျိုးရေး နည်းပညာရပ်များ၊ စိုက်ခင်းများတွင် ကျရောက်သော ရောဂါ၊ ပိုး စသည် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ နှိမ်နင်းနည်းများ၊ ဓါတ်မြေဩဇာ အကြောင်းအရာများ၊ ရွက်ဖျန်းအားဆေး အသုံးပြုပုံများ၊ မိုးလေဝသအကြောင်းများ၊ နည်းပညာပေါင်းစုံစသည့် အကြောင်းအရာများကို AI နည်းပညာမှတဆင့် ရှာဖွေနိုင်ကြောင်း လက်တွေ့သရုပ်ပြကွင်းဆင်းသင်ကြားပေးခဲ့ ကြောင်းသိရသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက AI-application ထည့်သွင်းနည်း၊ လက်တွေ့အသုံးပြုနည်းများကို အသေးစိတ် ရှင်းလင်းပြုလုပ်ပြသကာ တောင်သူတစ်ဦးချင်းအလိုက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)