ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်သူများနှင့် ဝန်ထမ်းများအတွက် တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်ပေးနေမှုကြည့်ရှုစစ်ဆေး

လွိုင်ကော်      နိုဝင်ဘာ        ၂၇

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နေအိမ်ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ ကြသည့် ပြည်သူများနှင့် ဝန်ထမ်းများနေထိုင်မှုအဆင်ပြေစေရန်အတွက် တန်ဖိုးသင့် အိမ်ရာများ ပြန်လည်ဆောက်လုပ်ပေးလျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူများနှင့် ဝန်ထမ်းများအတွက် နေအိမ်များပြန်လည်ဆောက်လုပ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နောင်ယား(ခ)ရပ်ကွက်သို့ ရောက်ရှိပြီး နေအိမ် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြသည့် ပြည်သူများနှင့်ဝန်ထမ်းများအတွက် နေအိမ်များပြန်လည် ဆောက်လုပ်ပေးနေမှုကိုကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အိမ်ပိုင်ရှင်များအား နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ ဒေါဥခူရပ်ကွက်သို့ သွားရောက်ပြီး နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြသည့် ပြည်သူနှင့် ဝန်ထမ်းများအတွက် နေအိမ်များပြန်လည်ဆောက်လုပ်ပေးနေမှုများကိုလည်းကောင်း၊ ဓမ္မာရုံရပ်ကွက်အတွင်း နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြသည့် ပြည်သူများနှင့် ဝန်ထမ်းများအတွက် နေအိမ်ပြန်လည်ဆောက်လုပ်ပေးနေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီး အောင် ဆောင်ရွက်ရန်၊ နေအိမ်များဆောက်လုပ်ပြီးပါက သောက်သုံးရေ၊ လျှပ်စစ်မီးရရှိရေး တစ်ပါတည်းဆောင်ရွက်ပေးရန်နှင့် ရပ်ကွက်အတွင်း ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင် လျက်ရှိသည့် လမ်းများဘေးဝဲယာ သန့်ရှင်းသာယာရေး ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ နောင်ယား(က)၊ နောင်ယား(ခ)၊ ဒေါဥခူ၊ ဓမ္မာရုံ၊ မင်းစု၊ နမ့်ကွတ်၊ နာနတ်တော၊ ထေးသမနှင့် မြေနီကုန်းမြို့ဦးရပ်ကွက်များမှ နေအိမ်ထိခိုက် ပျက်စီးခဲ့ကြသည့် ပြည်သူနှင့် ဝန်ထမ်းများအတွက် ပထမအဆင့်အနေဖြင့် တန်ဖိုးသင့်အိမ်ရာအလုံး ၅၀ ကို တစ်ပြိုင်နက် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)