ဘားအံ နိုဝင်ဘာ ၂၇
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏(၇/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလအတွင်း နောက်ဆုံးအကြိမ်အဖြစ်ကပ်ထားကြေညာမည့် မဲစာရင်း၊ နောက်ဆုံး အကြိမ်ထုတ်ပြန်မည့်မဲစာရင်းပြည့်စုံမှန်ကန်ရေး၊ မဲပေးခွင့်ရှိသူတိုင်းမဲပေးနိုင်ရေး၊ မဲပေးခွင့်မရှိသူများမဲစာရင်းတွင် ပါဝင် ခြင်းမရှိစေရေးအတွက်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီတွင်ပါဝင်ဖွဲ့စည်းထားသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်က အထူးအလေးအနက်ထားဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်မဲစာရင်းပြည့်စုံမှန်ကန်စေ ရေးဆိုင်ရာကိစ္စရပ်များတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားပြီး ပြည်နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီတွဲဘက်အတွင်းရေးမှူး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးက ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူပြီးစီးမှု၊ ပန်းခင်းစီမံချက်အဆင့်(၃)ဆောင်ရွက်မှု၊ ယာယီရွှေ့ပြောင်းနေထိုင်သူများအား နိုင်ငံသားလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ မြို့နယ်များအလိုက်အတည်ပြုလူဦးရေစာရင်းနှိုင်းယှဉ်ချက်၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများ သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတွင်ပါဝင်မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ရွေးကောက်ပွဲအရာရှိက ရွေးကောက်ပွဲကျင်းပမည့်ရပ်/ကျေးနှင့်မဲရုံများစာရင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများအမည် စာရင်းတင်သွင်းထားမှု၊ မဲဆန္ဒရှင်အသိပညာပေးဆောင်ရွက်ခဲ့မှုအခြေအနေ၊ မဲရုံမှူး၊ဒုတိယမဲရုံမှူးနှင့်ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ သင်တန်းဖွင့်လှစ်မှုအခြေအနေ၊ မဲပေးစက်နှင့်ပတ်သက်၍ အပိုင်းလိုက်ရွေးကောက်ပွဲ ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက မဲစာရင်း ပြည့်စုံတိကျမှန်ကန်စေရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကာ အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။
ထိုသို့ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်၊အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က လိုအပ်သည် များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)