ကန်ကြီးထောင့် နိုဝင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ၊ ကလေးသူငယ်များအား အသိပညာမြှင့်မားလာစေရေး၊ ဗလငါးတန်တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်ချက်ဖြင့် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဉာဏစွမ်းရည်ပြိုင်ပွဲတွင် ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အ.မ.ကမြို့သစ်ကျောင်းရှိ ကျောင်းသား/သူများက ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲစသည့် ဉာဏစွမ်းရည်ပြိုင်ပွဲများအားဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့်ဝန်ထမ်းများက ကျောင်းသား/သူလေးများအား နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား လိုက်လံရှင်းလင်းပြသခဲ့ကြရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး