ပဲခူး နိုဝင်ဘာ ၂၇
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိသည့် အားလျော်စွာ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးတည်ချက်ချမှတ် ဆောင်ရွက်လျက်ရှိပြီး မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ပဲခူးအချုပ်ထောင်မှ အကျဉ်းသား/သူ(၁၉)ဦးအား ယနေ့နံနက်ပိုင်းက လွှတ်ပေးခဲ့သည်။
ထို့သို့လွှတ်ပေးရာတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပဲခူးအချုပ်ထောင်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကအရ ပြစ်မှုထင်ရှားစီရင်ခံရပြီး ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား (၁၅)ဦးနှင့် အကျဉ်းသူ(၄)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်မှ လွတ်ငြိမ်း ခွင့်ပြုလိုက် ခြင်းဖြစ်သည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့်လွှတ်ပေးရာ၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် ပဲခူးအချုပ်ထောင်မှ အကျဉ်းသား၊ ကျောင်းသူ(၁၉)ဦးအား တာဝန်ရှိသူများက ဆုံးမစကားများ ပြောကြား၍ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်များပေး၍ လွှတ်ပေးခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)