တောင်ငူ နိုဝင်ဘာ ၂၇
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် ၁၀/၂၀၂၅ အရ မကြာမီကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအားလုံး ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ(၇၂၄)ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုလျက်ရှိရာ ယနေ့နံနက် ၇ နာရီ ၁၅ မိနစ်ချိန်တွင် တောင်ငူအကျဉ်းထောင်မှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅- က ဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသူ (၆)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် တောင်ငူအကျဉ်းထောင်ဧည့်ရိပ်သာ၌ တောင်ငူအကျဉ်းထောင် တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်စိုးနှင့် ဝန်ထမ်းများ၊ တောင်ငူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စောကျော်မင်းဦး၊ တောင်ငူခရိုင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ (စုံစမ်းရေး)၊ ဦးထွန်းထွန်းဦး၊ သတင်းရဲတပ်ဖွဲ့စု (တောင်ငူ)မှ ဒုတိယရဲမှူး ဇော်မင်း၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးမင်းလတ်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်နိုင်ဌေးတို့က လွတ်ငြိမ်းခွင့်ရရှိသူ အကျဉ်းသူ(၆)ဦးအား နောင်တွင် ပြစ်မှုများ ထပ်မံကျူးလွန်ခြင်းမရှိဘဲ အေးချမ်းစွာနေထိုင်ရန် ဆုံးမသြဝါဒစကားပြောကြားပြီး ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)