ထားဝယ် နိုဝင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ပန်းကံ့ကော်ရနံ့ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ထားဝယ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီ အတွင်းရေးမှူး ဦးဝင်းမောင်လေးက လူငယ်များ အနေဖြင့် အနာဂတ်တွင်အောင်မြင်သော လူငယ်များ ဖြစ်စေရေးအတွက် ယခုချိန် ကတည်းကတန်ဖိုးရှိသော စာပေနှင့်အသိပညာ ဗဟုသုတများ ဆည်းပူးလေ့လာရန်လိုအပ်ကြောင်း၊ စာပေများကိုဖတ်ရှုလေ့လာပြီး ရရှိသော အသိပညာဗဟုသုတများကို မိမိ၏မိတ်ဆွေသူငယ်ချင်းများထံ ပြန်လည်မျှဝေပေးရန်လိုအပ်ကြောင်း၊ ကျောင်းသား/သူ အချင်းချင်း၊ လူငယ်များ အချင်းချင်းညှိနှိုင်းဆွေးနွေးပြီး အမြင်ချင်းဖလှယ်ရန် လိုအပ်ကြောင်း၊ စာသင်ကျောင်းများတွင် သင်ကြားပေးသော ကျောင်းစာများအပြင် ပြင်ပက လာရောက်ဟောပြောပို့ချပေးသော အသိပညာဗဟုသုတများကို စိတ်ပါဝင်စားစွာ လိုက်နာမှတ်သားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က ဦးဆောင်ဆွေးနွေးသူ (Moderator)အဖြစ်ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် ပန်းကံ့ကော်ရနံ့ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူများဖြစ်ကြသည့် Grade-11 ကျောင်းသား မောင်ဝေယံဦးက လူငယ်နှင့်စာကြည့်တိုက်၊ Grade-10 ကျောင်းသူ မလင်းမွန်ရတနာဦးက လူငယ်နှင့်အားကစား၊ Grade-9 ကျောင်းသူ မခြူးပြည့်သဇင်က လူငယ်နှင့်စာရိတ္တ၊ Grade-9 ကျောင်းသူ မအိသဇင်ဖွေးက လူငယ်နှင့်စည်ကမ်း စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား/သူများနှင့် အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ဆွေးနွေးပြောကြားသော ကျောင်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းပေးအပ်ကာ ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)