ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်မှ တောင်ငူမြို့နယ်အတွင်း မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး

တောင်ငူ နိုဝင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် ဒုတိယအကြိမ် ထုတ်ပြန်ကြေညာထားသော မဲဆန္ဒရှင်စာရင်းများနှင့် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ယမန်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်မြင့်လွင် လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထိုသို့လိုက်လံကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်မြင့်လွင်၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်ဝင်းနှင့် အတွင်းရေးမှူးဦးသူရိန်ထွဋ်၊ တောင်ငူခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌ ဦးဌေးဝင်းနှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် အဖွဲ့ဝင်များသည် အမှတ် (၄) ရပ်ကွက်၊ အ.ထ.က (၂) ဆရာကွန်းခန်းမ၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အမှတ် (၃) ရပ်ကွက်ရုံးတွင် ဒုတိယအကြိမ်ထုတ်ပြန်ကြေညာထားသော မဲဆန္ဒရှင်စာရင်းများကို ကြည့်ရှုစစ်ဆေးသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်မြင့်လွင်က မဲဆန္ဒရှင်စာရင်းတွင် ကျန်ရှိနေသော ပြည်သူများအား မဲစာရင်းတွင်ပါရှိရေးအတွက် သတ်မှတ်ပုံစံလျှောက်လွှာဖြင့် လျှောက်ရာတွင် မှတ်ပုံတင်မိတ္တူပူးတွဲပါရှိရန်၊ မြို့ပေါ်ရပ်ကွက်များမှ မဲဆန္ဒရှင်များ၏ အိမ်နံပါတ်ပါရှိရန်၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲထည့်ပေးကြရန်နှင့် မဲပေးခွင့်မဆုံးရှုံးစေရန် မဲစာရင်းပါရှိရေးအတွက်  ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများအား အထူးမှာကြားပြီး အခက်အခဲများ မေးမြန်းကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့တွင် တောင်ငူခရိုင်အတွင်းရှိ ဖြူးမြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ရေတာရှည် မြိုနယ်များတွင်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)