ပြည် နိုဝင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာရေးဌာနနှင့် အခြေခံပညာဦးစီးဌာန ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်းပါဝင်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအခြေပြု သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ကြသည်။
ယင်းဆောင်ရွက်မှုကို ပြည်ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြည့်ရှုအားပေးကြပြီး ဦးစွာ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်နှင့် သိမှတ်ဖွယ်ရာအကြောင်းများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ စာသင်ခန်းများနှင့် ဝရံတာ၊ ကျောင်းလမ်းမတို့၌ ပုံမှန်သွားလာလှုပ်ရှားနေစဥ် ငလျင်ကြီးတစ်ခုလှုပ်ရှားကြောင်း ခရာရှည် တစ်ကြိမ်မှုတ်၍ အချက်ပြခြင်း၊ စာသင်ခန်းပြင်ပမှ ကျောင်းသား၊ကျောင်းသူများ ကွင်းပြင်သို့ပြေး၍ ဝပ်/ကာ/ကိုင် အနေအထားဖြင့် နေထိုင်ခြင်းနှင့် စာသင်ခန်း အတွင်းမှကျောင်းသား၊ ကျောင်းသူများ စာသင်ခုံ အောက်တွင် ဝပ်/ကာ/ငြိမ် အနေအထားဖြင့်နေထိုင်ခြင်း၊ ဝရံတာရှိကျောင်းသားများ စာသင်ခန်း နံရံကိုကပ်၍ ဝပ်/ကာ/ကိုင်အနေအထားဖြင့်နေထိုင်ခြင်းနှင့် ငလျင် လှုပ်ရှားမှုပြီးစီးကြောင်း ခရာတို ၂ ကြိမ်မှုတ်၍ အသိပေးကာ ကျောင်းသား၊ ကျောင်းသူများအားလုံး လွယ်အိတ်များ၊ စာအုပ်များဖြင့် ခေါင်းကိုကာ၍ ကွင်းပြင်သို့ပြေးထွက်ခြင်းတို့ကို အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၀၀ ခန့်ဖြင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ထိခိုက်သူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကြက်ခြေနီတပ်ဖွဲ့က ထိခိုက်သူများကို ရှေးဦး ပြုစုရေးလုပ်ငန်းများ ဆောင်ရွက်ပြီး လူနာတင်ကားဖြင့် ယာယီဆေးပေးခန်းနှင့် ဆေးရုံသို့ ပို့ဆောင်ခြင်း အစရှိသည့် ငလျင်ဘေးဖြစ်ပေါ်မှုအပေါ် တုံ့ပြန်ဆောင်ရွက်နည်းအဆင့်ဆင့်ကိုလည်း လက်တွေ့သရုပ်ပြ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခဲ့ကြပြီး ပြည်ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား အာဟာရမုန့်များ ဝေငှပေးခဲ့ကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)