ပေါင်းတည်၌ မိုးစပါးများ ရိတ်သိမ်းပြီးစီး

ပေါင်းတည် နိုဝင်ဘာ ၂၆

၂၀၂၅ ခုနှစ်၊ မိုးသီးနှံမိုးစပါးများ စိုက်ပျိုးခဲ့ရာတွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်အနေဖြင့် မိုးစပါး စုစုပေါင်း ၇၃၅၁၄ ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

တောင်သူများသည် ထိုမိုးစပါးခင်းများကို အောက်တိုဘာလမှ စတင်၍ ရက်၉၀၊ ရက်၁၀၀၊ ရက်၁၁၀ စသည့်စပါးမျိုးများကို သက်တမ်းအလိုက် ရိတ်သိမ်းခဲ့ကြရာ ယခုနိုဝင်ဘာ နောက်ဆုံးပတ်တွင် မိုးစပါးစိုက်ခင်းအားလုံး ရိတ်သိမ်းပြီးစီး‌ခဲ့ပြီဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးခဲ့သည့် စပါးမျိုး၊စိုက်ပျိုးမြေအနေအထား၊ စိုက်ပျိုးပုံနည်းစနစ်၊ တောင်သူများ၏ ပြုစုထိန်းသိမ်းစောင့်ရှောက်အားထုတ်မှုနှင့် သွင်းအားစုများအပေါ် မူတည်၍ အထွက်နှုန်းသိသာ ထင်ရှားသည့် ကွာခြားမှုရှိကြောင်း၊ မျိုးစေ့ထုတ် (RS) စိုက်ခင်းများမှ ရရှိသည့် မျိုးကောင်း၊ မျိုးသန့် အထွက်ကောင်းစပါးမျိုး‌စေ့များကို ရွေးချယ်အသုံးပြု၍ စိုက်နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးထားသည့် စိုက်ခင်းများမှာ တစ်ဧက ပျှမ်းမျှတင်း တစ်ရာအထက်ထွက်ရှိခဲ့ကြကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာန၏ စံကွက်ရိတ်သိမ်းမှု မှတ်တမ်းများအရ သိရသည်။

ရွှေသား (IPRD)