သာယာဝတီမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာထားရှိမှု ပြည်သူများလာရောက်ကြည့်ရှုမှု ပိုမိုများပြားလာ

သာယာဝတီ နိုဝင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့နှင့်‌ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်၊ ကြေညာမှုကို နိုဝင်ဘာ ၂၁ ရက်မှစတင်ကာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ ကြေညာထားရာ ပြည်သူများ လာရောက်ကြည့်ရှုမှုပထမအကြိမ်ထက် ပိုမိုများပြားလာကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုကြရန် ညစဥ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကြေညာလျက်ရှိပြီး အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကြေညာထားခြင်းကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၄ ရက်ထိ ၁၄ ရက်ကြာ ကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင်မပါဝင်ပါက ပုံစံ (၃) ဖြင့် လျှောက်ထားခြင်း၊ အချက်အလက်များ မှားယွင်းမှုရှိပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၊မြို့ပေါ်နှင့်ကျေးရွာရှိဓမ္မာရုံများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုကိုသာယာဝတီခရိုင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးကြီးကြပ်မှုဖြင့်ခရိုင် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်စစ်ဆေးကြရာ မဲစာရင်းလာရောက်ကြည့်ရှုမှု ပိုမိုများပြားလာကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)