အုတ်ဖို နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦသီဟထွန်းက အဖွင့်အမှာစကားပြောကြားပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မင်းလှမြို့နယ် ဦးစီးမှူးရှံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသီမြင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျှင်ဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေးများ၏ ကြိုတင်ပြင်ဆင်ရေး နည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက မိမိသိရှိထားသည့် အသိပညာများကို လက်တွေ့အသုံးချ အသုံးပြုကြရန် နည်းလမ်းများ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက စည်းစည်းလုံးလုံး စုပေါင်းဝိုင်းဝန်းဆောင်ရွက်တတ်စေရေး၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး သဘာဝဘေးအန္တရာယ် (၉) ဘေးရှိကြောင်း၊ မုန်တိုင်းဘေးအသိပညာပေး အကြောင်း အရာများ၊ မုန်တိုင်းနှင့် ပတ်သတ်ပြီး အရောင်(၅)ရောင်ရှိကြောင်း၊ မိုးတွင်းကာလတွင် သတိထားနေထိုင်ကြရန်၊ မိုးလေဝသ သတိပေးအချက်အလက်များကို နားထောင်ကြပြီး မိသားစုဝင်များနှင့် အနီး အနားရှိ ပြည်သူများအား အသိပေးကြရန်၊ ဘေးအန္တရာယ်ဖြစ်လာလျှင် ဘေးကင်းလုံခြုံသည့် နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရန်စသည့် သဘာဝဘေးအန္တရာယ် အသိပညာပေး အကြောင်းအရာများကို ဟောပြောဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မင်းလှမြို့နယ် ဦးစီးမှူးရှံးမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦသီဟထွန်းက ကျောင်းအုပ်ဆရာမကြီးအား သဘာဝဘေးအသိပညာပေး ဗီနိုင်းပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)