အုတ်တွင်း နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား ဆက်လက်သရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ခေါင်းရမ်းကျေးရွာအုပ်စု၊ ခေါင်းရမ်းကျေးရွာ(တောင်ပိုင်း)ရှိ သိမ် ကုန်းဘုန်းတော်ကြီးကျောင်းနှင့် မွန်းလွဲပိုင်းက ဝဲဒေါင့်ကျေးရွာအုပ်စု၊ ထန်းကုန်းဘုန်းတော်ကြီးကျောင်းဝန်းတို့၌ ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ဦးလှဦးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်းအင်အား (၁၇၅) ဦးတို့က လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အုတ်တွင်းမြို့နယ်အနေဖြင့် ယနေ့အချိန်အထိ နိုင်ငံရေးပါတီ (၈) ခု မှတ်ပုံတင်ထားရှိကြောင်းသိရပြီး ဒေသခံပြည်သူများအား (MEVM)စက်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အသိပညာပေးအစီအစဉ်များ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)