ကယားပြည်နယ်ဝန်ကြီးချုပ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားတက်ရောက်

လွိုင်ကော်    နိုဝင်ဘာ   ၂၅

ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားများကို ယနေ့နံနက်က လွိုင်ကော်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လောဓမ္မ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားကျောင်းသူများ စုံလင်စွာတက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသားကျောင်းသူများက ကာယစွမ်းရည်၊ ဉာဏစွမ်းရည် ပြိုင်ပွဲများတွင် စိတ်အားထက်သန်စွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေမှု များကို ကြည့်ရှုအားပေးကာ ဆုရကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်သည်။ ဆက်လက်၍ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာရွတ်၊ ပုံပြောနှင့် ကျပန်းစကားပြော ပြိုင်ပွဲများတွင် ကျောင်းသားကျောင်းသူများ၏ ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားကာ ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား ကျောင်းသူများ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ပညာ့အလင်းရောင်ခန်းမ၌အခမ်းအနားအား ဆက်လက်ကျင်းပရာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) လောဓမ္မကျောင်းသားကျောင်းသူများကပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့သီချင်းဖြင့် သီဆို ဖျော်ဖြေသည်။

ထို့နောက် ပြည်နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားကျောင်းသူများ စာအုပ်စာပေ ဖတ်ရှုလေ့လာမှုကို နှစ်သက်မွေ့လျော်ပြီး အသိဉာဏ်ပညာ အတွေးအခေါ်မြင့်မားကာ ဗဟုသုတ ကြွယ်ဝလာစေရန်နှင့် အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်များကို အရှိန်အဟုန်ဖြင့် ကျင်းပဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ် အတွင်း လူငယ်များ ဘက်စုံထူးချွန်ထက်မြက်လာစေရေး အဖက်ဖက်မှ ကြိုးပမ်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယခုလိုစာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များမှအစပြု၍ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ စဉ်ဆက်မပြတ် စာပေဖတ်ရှုလေ့လာသည့် အလေ့အထများရရှိအောင် တာဝန်ရှိသူများအားလုံးက အလေးထား ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းစသည်ဖြင့် ပြောကြား ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် အလှူငွေများနှင့် စာအုပ်စာစောင်များ၊ အမှတ်() အမှတ်()နှင့် အမှတ်()အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့များအတွက် ဘင်ခရာပစ္စည်းများနှင့် ဝတ်စုံများ၊ ပန်းပွားအကအဖွဲ့များအတွက် ဝတ်စုံ နှင့် ဆက်စပ်ပစ္စည်းများ ကိုလည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲ ပထမဆု၊ အလယ်တန်း(အထက်ဆင့်) စာစီစာကုံးပြိုင်ပွဲ ပထမဆုနှင့်မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ ပထမဆု ရရှိသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့် ငွေများကို လည်းကောင်းပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အခြေခံပညာကျောင်းများအတွက် ဘင်ခရာ ပစ္စည်းများ၊ ဝတ်စုံများ၊ ပန်းပွားဝတ်စုံနှင့် ဆက်စပ်ပစ္စည်းများ၊ အခြေခံပညာ ထက်၊ လယ်၊ မူ အဆင့် ကျပန်းစကားပြော၊ စာစီစာကုံး၊ ပန်းချီ၊ ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများကို ဆုများ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် အထက(ခွဲ)လောဓမ္မကျောင်း ကျောင်းသားကျောင်းသူများ၏ ပြည်ထောင်စုရဲ့ ထာဝရအလှ အနာဂတ် လူရည်မွန် သီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကိုကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပွဲတော်တွင် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုအားပေးပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် စကားပြောကြားခဲ့ကြောင်းသိရသည်။

ပြည်နယ်ပြန်/ဆက်