သဲကုန်း နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ (Clean and Green Schools Award) ဆုချီးမြှင့် နိုင်ရေးအတွက် ယနေ့မွန်းလွဲ ၂ နာရီက ဆုရွေးချယ်ရေးကော်မတီအဖွဲ့မှ အခြေခံ ပညာအထက်တန်းကျောင်း(ပုတီးကုန်း)နှင့် အခြေခံပညာမူလတန်းကျောင်း (တည်သီးပြင်)တို့တွင် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ပြည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ထွေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ပညာရေးမှူးရုံး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သည့် ကော်မတီဝင်များက ဆုရွေးချယ်နိုင်ရေးအတွက် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ (Clean and Green Schools Award) ဆုလျှောက်ထားရာတွင် ကျောင်းပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်ရေးကော်မတီ (G&C School Committee) ဖွဲ့စည်းထားခြင်း ရှိ/မရှိ၊ ကျောင်းပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးအတွက် သတ်မှတ်ထားသော အခြေခံစံနှုန်း(၄)ချက်၊ အညွှန်းကိန်း(၁၇)ချက်နှင့်အညီကျောင်း၏ အခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့် လုပ်ငန်းအစီအစဉ်များ(Action Plan) နှစ်အလိုက်ရေးဆွဲ ချမှတ်ထားခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ရေးဆွဲထားသော ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လိုက်နာရမည့် ဆောင်ပုဒ်၊ ပန်းချီ၊ ကဗျာနှင့် ကာတွန်းတို့ကိုရေးဆွဲကာ အခန်းလိုက်/အတန်းလိုက် (Notice Board)ဖြင့်ပြသထားခြင်း ရှိ/မရှိတို့အားကွင်းဆင်း၍ အကဲဖြတ်စစ်ဆေးခဲ့ကြရာ ကျောင်းအုပ် ဆရာကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များက မိမိတို့ကျောင်းများတွင် ဆောင်ရွက်ထားရှိမှု အခြေအနေများ အား လိုက်လံပြသခဲ့ကြသည်။
ယင်းသို့ ကွင်းဆင်းအကဲဖြတ်စစ်ဆေးခဲ့သည့် ရလဒ်များအပေါ် မူတည်၍ သတ်မှတ်ထားသည့် အခြေခံစံနှုန်း(၄)ချက်နှင့် အညွှန်းကိန်း(၁၇) ချက်ဖြင့် ကိုက်ညီသည့် အထက်တန်းအဆင့် ကျောင်းတစ်ကျောင်းနှင့် မူလတန်းအဆင့်ကျောင်းတစ်ကျောင်းအား ဆုစိစစ်ရွေးချယ်ရေးအဖွဲ့မှ ဆုရွေးချယ်ကာ ဆုရကျောင်းများကို တိုင်းဒေသကြီးနှင့် ခရိုင်များတွင် ကျင်းပပြုလုပ်မြဲဖြစ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် Clean and Green Schools Award ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)