မြင်းမူမြို့တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

စစ်ကိုင်း နိုဝင်ဘာ ၂၅

မြင်းမူမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြင်းမူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် မြင်းမူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ခိုင်ဇော်က သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲစနစ်အကြောင်း၊ မဲပေးစက်တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ် ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုး သိမ်းဆည်းပုံနှင့် ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်သည်များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်များနှင့်အညီ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား/ သင်တန်းသူ ၄၀ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေလင်းအောင်