မကွေး နိုဝင်ဘာ ၂၅
၂၀၂၅ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ အမျိုးသမီးရေးကို ဆောင်ရွက်လျက်ရှိသော အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အရပ်ဖက်အမျိုးသမီးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအခမ်း အနားကို ကျား/မဖြစ်ခြင်းကို အခြေခံပြီး ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများသည် လူ့အခွင့်အရေး ချိုးဖောက်သော ကိစ္စရပ်များဖြစ်သည်နှင့်အညီ ဒေသန္တရအဆင့်၊ နိုင်ငံတော်အဆင့်၊ နိုင်ငံတကာအဆင့်များအလိုက် အသိအမြင်တိုးတက်လာစေရန်၊ နိုင်ငံတကာမှ ဆောင်ရွက်နေသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးလုပ်ငန်းများအား ပိုမိုရှင်းလင်းမြင်သာစေရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးကို တူညီစွာ လုပ်ဆောင်မှုကို ဖော်ညွှန်းရန်နှင့် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုပပျောက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုများကို (၂၀၁၈) ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဆောင်ပုဒ် အနေဖြင့် “အမျိုးသမီးများအပေါ် ဒစ်ဂျစ်တယ်အကြမ်းဖက်မှုပပျောက်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး” “UNITE tO End Digital Violence A gainst All Women and Girls” ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် ၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းကောင်စာရင်းအရ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ (၅၁.၃၇၅) သန်း ရှိပြီး လူဦးရေစုစုပေါင်းရဲ့ ၅၂.၇ ရာခိုင် (၂၇-၀၉ ) သန်းဟာ မြန်မာအမျိုးသမီးများဖြစ်ကြောင်း၊ မြန်မာနိုင်လူဦးရေရဲ့ ထက်ဝက်ကျော်မကသော အမျိုးသမီးထုကြီးရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို ဆောင်ရွက်ပေးခြင်းဟာ နိုင်ငံသားများအားလုံးရဲ့ ဖွံ့ဖြိုးခြင်းဖြစ်သလို အမျိုးသမီးအပေါ် အကြမ်းဖက်ခြင်းမှ ကာကွယ်ပေးခြင်းဟာ နိုင်ငံသားများအားလုံးကို ကာကွယ်ပေးရာလည်းရောက်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးအခွင့်အရေးမြှင့်တင်ဖော်ဆောင်တဲ့ လုပ်ငန်းများ ဆောင်ရွက်ရာမှာ မူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန် (၇)ရပ် ချမှတ်ပြီး အမျိုးသမီး ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျုဟာ စီမံကိန်း ဒုတိယအဆင့် (၂၀၂၃-၂၀၃၂)ကို ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို သတင်းပို့တိုင်ကြား နိုင်ရေးအတွက် (၂၄) နာရီ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်က စတင်ထူထောင်ထားရှိ၍ ယခုအခါ အလွယ်တကူခေါ်ဆိုနိုင်သော တယ်လီဖုန်းနံပါတ် “1566” ကိုတပ်ဆင်ထားရှိပြီး ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုစနစ်ကို အသုံးပြုပြီး လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲသူများမှ ကလေးသူငယ်ကိစ္စရပ်များ၊ ကျား၊ မ အခြေပြု အိမ်တွင်းအကြမ်းဖက် မှုများ၊ ပဋိပက္ခအတွင်းလိင်ပိုင်း ဆိုင်ရာအကြမ်း ဖက်မှုဖြစ်စဉ်များနှင့် သက်ငယ်မုဒိမ်း ကိစ္စရပ်များအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ တရားရင်ဆိုင်ခရီးစရိတ်များ၊ အသက်မွေး ဝမ်းကြောင်းစရိတ်များ ထောက်ပံ့ပေးခြင်းနှင့် ဥပဒေ ပိုင်းဆိုင်ရာလိုအပ်သော အထောက်အကူများ ရရှိနိုင်ရေးအတွက် ချိတ်ဆက်ပေးခြင်း၊ လုံခြုံရေးအတွက် နာခိုးရာနေရာများ စီစဉ်ပေးခြင်း၊ အခြားသောဝန်ဆောင်မှုများ ရရှိနိုင်ရေးအတွက် ညွှန်းပို့ချိတ်ဆက်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်မှ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေ၊ မဟာဗျူဟာများ ချမှတ်ဖော်ဆောင်လျက်ရှိသလို အမျိုးသမီးများအရေးကို ဆောင်ရွက်နေကြတဲ့ အမျိုးသမီးအဖွဲ့အစည်းများအနေဖြင့်လည်း ကျား၊ မခွဲခြားမှုမရှိစေရေး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ ကာကွယ်ရေးနှင့် အမျိုးသမီးများဘဝဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အတူတကွပူးပေါင်ပြီး အမျိုးသမီးများကဏ္ဍ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက် သွားကြပါလို့ တိုက်တွန်းပြောကြား ခဲ့သည်။
ထို့နောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုကလစ်အား ပြသခဲ့ပြီး မိခင်မေတ္တာမူကြိုကျောင်းမှသမီးငယ်လေးများမှ “ဗမာမလေး” တေးသီချင်းဖြင့်လည်းကောင်း၊ မကွေးကလေးပြုစုရေးဌာန မှ သမီးငယ်လေးများမှ ’’သဘင်သည်မလေးမနှင်းဆီ” တေးသီချင်းဖြင့်လည်းကောင်း၊ မကွေးမူကြိုကျောင်းမှ ကလေးငယ်လေးများမှ ”အတူတွဲကာ” တေးသီးချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် သားငယ်သမီးငယ်လေးများ အားတိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုတော်ငွေနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်ဆက်)