ညောင်လေးပင် နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိသော ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံများအား ယနေ့ နံနက် (၁၀)နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး တာဝန်ခံ ဦးအောင်မြင့်လွင်၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များက ညောင်လေးပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဒုတိယအကြိမ် မဲဆန္ဒရှင် အမည်စာရင်းများ ထုတ်ပြန်ကြေညာထားမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရသည်။
ညောင်လေးပင်မြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စု (၆၁)အုပ်စုတွင် မဲရုံစုစုပေါင်း (၁၁၆)ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၇၇၆၃၂) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)