အုတ်တွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

အုတ်တွင်း နိုဝင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကိုဗစ်-၁၉ မျိုးကွဲသစ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း​က ကြက်သွန်ခင်း(၂) ရပ်ကွက်နှင့် ပဲခူးလမ်းရပ်ကွက်အတွင်းသို့ သုံးဘီးမော်တော်ယာဉ်ဖြင့် နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိသည်။

အသိပညာပေး ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိ‌စေရေးပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ နေထိုင်သွားလာကြရန်နှင့် ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်အရေအတွက် ပြည့်မီစွာ ထိုးနှံကြရန် အသိပညာပေးနှိုး‌ဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် ရောဂါပိုးများ ပျံ့နှံ့ဖြစ်ပွားမှု မရှိစေရေးစစ်ဆေး‌ ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများအား လိုက်နာဆောင်ရွက်ကြရန်နှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံကြရန်၊ (mask) နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် အသိပညာပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)