ပန်းတောင်း နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အဖက်ဖက်မှအောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ပေးအပ်မည့် မဲရုံမှူးနှင့်ဒုမဲရုံမှူးများအား လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် (၉) နာရီက ဝန်လိုရပ်ကွက်၊ သာသနာ့ဗိမာန်၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၂၅၂) ဦး တက်ရောက်ခဲ့သည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်အောင်မှ လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်များနှင့် မဲရုံရှိတာဝန်ရှိသူများ၏လုံခြုံရေးနှင့်ပတ်သက်၍ တာဝန်ခံဆောင်ရွက်သည့် အထူးပြင်ဆင်မှုများကိုလည်းကောင်း၊ မဲဆန္ဒရှင်များ၏ အခွင့်အရေးများကာကွယ်ပေးရေး၊ တရားမျှတမှုနှင့် သက်သာမြန်ဆန်စွာ ဆောင်ရွက်နိုင်စေရေး ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးကြည်စိုးက မဲရုံမှူးနှင့် ဒုမဲရုံမှူးများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအကြောင်း၊ မဲစာရင်းစစ်ဆေးနည်း၊ မဲခွဲခြားတွက်ချက်နည်းလမ်းများနှင့် လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ ထူးခြားမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ဆက်သွယ်အကြောင်းကြားရမည့် အုပ်စုအလိုက် နယ်မြေခေါင်းဆောင်ဖုန်းနံပါတ်များကိုလည်းကောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၄၉) အုပ်စုရှိ မဲရုံ (၁၂၁) ရုံတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှုးနှင့်ဒုမဲရုံမှုး (၂၄၂) ဦးအား မဲရုံမှုး၊ ဒုမဲရုံမှုးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်စာအုပ်များပေးအပ်ကာ သင်ကြားပို့ချပေးခဲ့ပြီး အဆိုပါသင်ကြားပို့ချမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)