ပဲခူးမြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ပဲခူး နိုဝင်ဘာ ၂၅

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုပ်ငန်းများပိုင်နိုင်စွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပဲခူးတက္ကသိုလ် Community Centre ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်မြင့်လွင်ကအဖွင့်အမှာစကားပြောကြားရာတွင် သက်ဆိုင်ရာမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများသည် ရွေးကောက်ပွဲကျင်းပနေစဉ်ကာလ လက်တွေ့နယ်ပယ်တွင် မိမိတို့တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများကို ရွေးကောက်ပွဲဥပဒေ ညွှန်ကြားချက်များနှင့်အညီ သိရှိနားလည်ဆောင်ရွက်တတ်စေရန်ရည်ရွယ်ပြီး ယခုကဲ့သို့ သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြသည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ၏အခန်းကဏ္ဍသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်တွင်ပါဝင်ကြောင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေးအစရှိသည့် မဲရုံအဖွဲ့ဝင်များအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရွေးကောက်ပွဲ ဥပဒေညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ကြမှသာ အမှားယွင်းမရှိ အဆင်ပြေချောမွေ့စွာဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို အမျိုးသားရေးတာဝန်အဖြစ် အလေးအနက်ခံယူပြီးပေးအပ်လာမည့် ရွေးကောက်ပွဲဆိုင်ရာတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းနည်းပြများက မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်နှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်လုပ်ငန်းများအား ရှင်းလင်းပြောကြား၍ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်ထိန်းချုပ်စက်ကိုင်တွယ်သူများ၊ မဲရုံခင်းကျင်းခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်သည်။ 

အဆိုပါသင်တန်းသို့ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းသား၊ သင်တန်းသူ(၄၃၂)ဦးတက်ရောက်ပြီး သင်တန်းကာလ(၂)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်