ရေတာရှည် ဒီဇင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့ရှိ အထည်ချုပ်စက်ရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတစ်ဦးနှင့် ထိတွေ့သူ တရုတ်နိုင်ငံသူ တစ်ဦး အပါအဝင် အမျိုးသမီး လေးဦး တို့တွင် ရောဂါ ကူးစက်ခံထားရကြောင်း စိစစ်တွေ့ရှိချက်များအရ အထည်ချုပ်စက်ရုံအား ယနေ့မှစ၍ တစ်ပတ် ကြာ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရ သည်။
“စက်ရုံက မိန်းကလေးတစ်ယောက်မှာ ရောဂါပိုးစတွေ့ကတည်းက ကျွန်တော်တို့က မြို့နယ်အဆင့် အစည်းအဝေးလုပ်တယ် စက်ရုံအလုပ်ရုံ ဆိုတာက ပိတ်ချင်သလိုသွားပိတ် လို့မရဘူးလေ အလုပ်ရုံ အလုပ်သမားဆိုင်ရာ ဥပဒေတွေကရှိသေးတယ် ခုတော့ ကျွန်တော်တို့ မြို့နယ်ထဲက သုံးယောက် နေပြည်တော် လယ်ဝေးမြို့နယ်ထဲက တစ်ယောက် Contact တွေဖြစ်ကုန်တယ် ဒါကြောင့် မနေ့က ပဲ အထည်ချုပ်စက်ရုံမှာ တာဝန်ရှိသူတွေ တွေ့ဆုံပြီးတော့ အထည်ချုပ်စက်ရုံတွေအားလုံး တစ်ပတ် ကြာယာယီပိတ်ထားရမယ် အလုပ် သမားတွေကတော့ နှစ်ရက်ကို လစာမဲ့ခွင့်နဲ့ ကျန် ၅ ရက်ကိုတော့ လစာ ပြည့်ပေးဖို့ ညှိနှိုင်းပေးခဲ့တယ်”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်က ပြောကြားသည်။
အထည်ချုပ်စက်ရုံတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရာ၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၊ တောင်ငူခရိုင် လူမှု ဖူလုံရေးဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေဆိုင် ရာစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူ များနှင့်၊ အထည်ချုပ်စက်ရုံမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆု(ပြန်/ဆက်)