ပခုက္ကူ နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာမှုအား ပြည်သူများ သွားရောက်ကြည့်ရှုနိုင်ရေး ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပညာပေး နှိုးဆော်ကြသည်။
ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ စုပေါင်း၍ ပခုက္ကူမြို့ပေါ် ရပ်ကွက်များအတွင်း အသိပညာပေးယာဉ်ဖြင့် ကွင်းဆင်းလှည့်လည်ကာ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူအားလုံးမဲပေးနိုင်ရေးနှင့်မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင်လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေးတို့အတွက် သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြော်ငြာဘုတ်များဖြင့် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာနေစဉ်တွင် မိမိအမည်စာရင်းပါဝင်မှုရှိ/မရှိနှင့် အချက်အလက်မှန်ကန်မှုရှိ/မရှိ အခြေအနေတို့ကို သွားရောက်ကြည့်ရှုနိုင်ရေး အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ကယ်ရီမောင်