မင်းဘူး နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု နည်းပြဆရာဖြစ်သင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ပေးခဲ့သည်။
သင်တန်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင်က အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူး (စကု) မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ နည်းပြဆရာဖြစ်သင်တန်း တက်ရောက်ကြသည့် သင်တန်းသား (၁၀၀) ဦးခန့်အား ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ချောစုရည်နှင့် အဖွဲ့ဝင်ဦးကျော်သန်းတို့က ရွေးကောက်ပွဲဆိုင်ရာသင်တန်းများ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပို့ချရာတွင် ရွေးကောက်ပွဲမတိုင်ခင်၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲအလွန် ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်၊ ရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်၊ အီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းလက်စွဲပါ ဆောင်ရွက်ချက်များနှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေပါ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ၊ တရားမဲ့ပြုကျင့်မှုများ၊ ဆောင်ရန်၊ ရှောင်ရန်များအား နားလည်သိရှိလိုက်နာဆောင်ရွက်တတ်စေရေး အသီးသီးသင်တန်းပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)