ရေနံချောင်း နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်က အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ချိုချိုလွင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာတာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲစာရင်းပြုစုခြင်း၊ မဲဆန္ဒနယ်နှင့် မဲစာရင်းများ ကြေညာခြင်း၊ မဲစာရင်းထုတ်ပြန် ကြေညာပြီးနောက် ကော်မရှင်အဖွဲ့ခွဲများမှ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ မဲစာရင်းတွင် တောင်းဆိုလွှာ ကန့်ကွက်လွှာ ပြင်ဆင်လွှာများတင်သွင်းခြင်း၊ မဲဆန္ဒနယ်အတွင်း မဲရုံသို့ မလာနိုင်သည့် မဲဆန္ဒရှင်များ ကြိုတင်မဲပေးခွင့်ရှိခြင်းနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးခြင်း စသည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ဆွေးနွေးပို့ချသည်။
အဆိုပါသင်တန်းသို့ ရေနံချောင်းမြို့ပေါ်ရပ်ကွက်(၁၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅)အုပ်စုတို့မှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပို့ချချက်များအပေါ် သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)