ကန့်ဘလူ နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကြေညာမှုကို နိုဝင်ဘာ ၂၁ ရက်မှစတင်ကာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ ကြေညာထားရာ ပြည်သူများလာရောက်ကြည့်ရှုမှု ပထမအကြိမ်ထက် ပိုမိုများပြားလာကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများလာရောက်ကြည့်ရှုကြရန် ညစဥ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ကြေညာလျက်ရှိပြီး အဆိုပါ မဲဆန္ဒရှင်စာရင်းများကြေညာထားခြင်းကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၄ ရက်ထိ ၁၄ ရက်ကြာ ကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင်မပါဝင်ပါက ပုံစံ(၃)ဖြင့် လျှောက်ထားခြင်း၊ အချက်အလက်များ မှားယွင်းမှုရှိပါကပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကြေညာထားရှိမှုကို ကန့်ဘလူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်စစ်ဆေးကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)