သရက် နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း မဲစာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိမှုအား မြို့နယ်နှင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မဲစာရင်းများကပ်ထားသည့် ရပ်ကွက်၊ ကျေးရွာများတွင် ယနေ့နံနက် ၉ နာရီက စတင်၍ မြို့ပေါ် (၈) ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် မဲကြေညာဘုတ်များ ကပ်ထားမှုများအား လိုက်လံကြည့်ရှုကြသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများအား နိုဝင်ဘာ (၂၁) ရက်နေ့မှ ဒီဇင်ဘာ (၄) ရက်နေ့ထိ (၁၄) ရက်ကြာ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာထားမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ကပ်ထားကြေညာနိုင်ခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲစာရင်းကြည့်ရှုနိုင်ရေး ဆောင်ရွက်ပေးထားလျက်ရှိသည်။
သရက်မြို့နယ်အနေဖြင့် ရွေးကောက်ပွဲကျင်းပပေးနိုင်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲကျင်းပပေးသွားမည်ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းတွင် မိမိ၏အမည် မပါဝင်ပါက ပုံစံ (၃) ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုနိုင်ပါကြောင်း၊ စာရင်းတွင်မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ အချက်အလက်များမှားယွင်းပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ပါကြောင်း သိရသည်။
ဇော်ထက်(သရက်)