ပြည် နိုဝင်ဘာ ၂၅
အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွားရရှိစေမည့် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်းက ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်တိုင်းရင်းဆေးပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်မြို့ (အောင်ဆန်း) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ခန့်အား ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာပေများဖတ်ရှုလေ့လာရေးအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ဝါဝါအောင်က တိုင်းရင်းဆေးပညာနှင့် ကျန်းမာရေးဆိုင်ရာသိမှတ်ဖွယ်ရာအကြောင်းများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ပြည်မြို့နယ်ဦးစီးမှူး ဦးထွန်းနိုင်လင်းက စားသုံးသူအခွင့်အရေးများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းများကိုလည်းကောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နယ်လှည့်စာကြည့်တိုက်သုံးဘီးယာဉ်မှ သုတ/ရသစာအုပ် စာစောင်များနှင့် ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်သိမှတ်ဖွယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)