ချောင်းဦး နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် ရပ်/ကျေး ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ချောင်းဦးမြို့ အနော်ရထာခန်းမ၌ ယမန်နေ့နံနက်၉နာရီအချိန်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ပထမပိုင်းအစီအစဥ်အဖြစ် သင်တန်းဖွင့်ပွဲအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးဝင်းမှ အမှာစကားပြောကြားခဲ့ပြီး ဒုတိယအစီအစဥ်အဖြစ် သင်တန်းသားများအား သင်တန်း ဆရာများမှ ရွေးကောက်ပွဲဆိုင်ရာ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း၊ မဲရုံနှင့်သက်ဆိုင်သည့် အကြောင်းအရာများ၊ တာဝန်များဆွေးနွေးသင်ကြားပြသခဲ့သည်။ သင်တန်းဖွင့်ပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ခဲ့သည်။
ချောင်းဦးမြို့နယ်အတွင်း ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ရွေးကောက်ပွဲဆောင်ရွက်နိုင်သည့် မြို့ပေါ် ၆ ရပ်ကွက်ရှိ မဲရုံ ၁၂ ရုံတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူး ၂၄ ဦးနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ၁၂ ဦးအား သင်တန်းဆရာ ၃ ဦးမှ သင်တန်းပေးခဲ့ကြောင်း၊ သင်တန်းကာလအား နိုဝင်ဘာ ၂၄ နှင့် ၂၅ ရက် ၂ ရက်သတ်မှတ်ထားကြောင်း မြို့နယ်ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိထံမှသိရသည်။
ဝင်းမြင့်အောင်