ကန့်ဘလူမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြသ

ကန့်ဘလူ နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ လိတ္ထူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ် စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဇင်က ကလေးအလုပ်သမားဖြစ်ရခြင်း အကြောင်းအရင်းများ၊ ကလေးအလုပ်သမားဆိုင်ရာအချက်အလက်များ၊ ဥပဒေပါကလေးအလုပ်သမားဆိုင်ရာ အသက်ကန့်သတ်ချက်များနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးကြသည်။

ဟောပြောပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေးစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၅၈ ဦးခန့်တို့က စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း