၂ဝ၂၅ခုနှစ် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား၊ အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲဆုရ ကော့သောင်းမြို့နယ်ပြေးခုန်ပစ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်

ကော့သောင်း နိုဝင်ဘာ ၂၄

၂ဝ၂၅ခုနှစ် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ၌ တံခွန်စိုက်ဆုရရှိခဲ့သော ကော့သောင်းမြို့နယ် အမျိုးသမီးပြေးခုန်ပစ်အဖွဲ့နှင့် ဆုရရှိခဲ့ကြသောအမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ် အားကစားသမားများအား  ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့ အထက(၁)ကျောင်း မြတ်ရတနာခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် ဆုရရှိခဲ့ကြသော ကော့သောင်းမြို့နယ်ဂုဏ်ဆောင် အမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ်အားကစားသမားများက မိတ်ဆက်ပြီး ကော့သောင်းမြို့နယ်အသင်း နည်းပြဦးမိုးအောင်ကျော်မှ ပြိုင်ပွဲအတွေ့အကြုံများ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးနိုင်လင်းထက်က  ကော့သောင်းမြို့နယ်အနေဖြင့် မြို့နယ်ပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲများတွင် ဆုရရှိမှုအနေဖြင့်  ၂၀၂၂ခုနှစ်တွင် ရွှေ(၇)ခု၊ ငွေ(၃)ခု၊ကြေး(၄)ခုဖြင့် အမျိုးသမီး တံခွန်စိုက်ဒိုင်းဆု၊ အမျိုးသား/အမျိုးသမီးစုပေါင်းတံခွန်စိုက်ဒိုင်းဆု ၊၂၀၂၃ခုနှစ်တွင် ရွှေ(၇)ခု၊ ငွေ(၃)ခု၊ ကြေး(၂)ခု နဲ့ အမျိုးသား တံခွန်စိုက်ဒိုင်းဆု တို့ရရှိခဲ့ပြီး ၂၀၂၄ခုနှစ်တွင် ပြိုင်ပွဲကျင်းပနိုင်ခြင်းမရှိဘဲ ယခုနှစ်အသက်(၂၅)နှစ်အောက် ပြိုင်ပွဲတွင် အမျိုးသားအသင်းမှ ရွှေ(၂)ခု၊ငွေ (၆)ခုနှင့် ကြေး(၂)ခုဖြင့် (တတိယ)၊ အမျိုးသမီးအသင်းမှ ရွှေ(၁၂)ခု၊ ကြေး(၁)ခုဖြင့် အမျိုးသမီး တံခွန်စိုက်ဒိုင်းဆုကို ဆွတ်ခူး နိုင်ခဲ့ကြောင်း၊ မြို့နယ်ဂုဏ်ဆောင်၊ တိုင်းဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြပါရန် ပြောကြားသည်။

ယင်းနောက် မြို့နယ်ပညာရေးမှူး ဦးကျော်ငွေက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဆုရရှိခဲ့သည့် ပြေးခုန်ပစ် အားကစားသမားများ အပါအဝင် အုပ်ချုပ်၊နည်းပြ/ကစားသမား(၁၅)ဦးအား တစ်ဦးလျှင် ကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်‌ငွေ (၁၅)သိန်းကျပ်နှင့် တာဝန်ရှိသူများမှလည်း အားကစားသမားများအား ထပ်ဆင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)