ကြို့ပင်ကောက်မြို့နယ်တွင် MEVM မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

ကြို့ပင်ကောက် နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိရာ နိုဝင်ဘာလ ၂၂ ရက်နေ့က မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းရုံးတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေက အမှာစကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲနိုင်စိုးက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက် အသုံးပြု၍မဲပေးပုံအဆင့်ဆင့်ကို အသိပညာပေး ရှင်းလင်းပြောကြားပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလာဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေးပြီး မဲရလာဒ်မှန်၊ မမှန်စီစစ်ခြင်းစသည့် မဲပေးပုံအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်း အဖွဲ့ ၈ ဖွဲ့ခွဲကာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဇေယျာထွန်း (ပြန်/ဆက်)