ပေါက်ခေါင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများပြုလုပ်

ပေါက်ခေါင်း နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို နိုဝင်ဘာ ၂၁ ရက်က ပေါက်ခေါင်းမြို့နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသော နိုင်ငံဝန်ထမ်းအငြိမ်းစားများအားလည်းကောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုလာရောက်ခံယူသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအားလည်းကောင်း မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြမဲပေးခြင်း အခမ်းအနား ကျင်းပ​ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဌာနဆိုင်ရာအရာရှိများ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ တက်ရောက်ခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိက မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် အသုံးပြုနည်းများကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူ နိုင်ငံ့ဝန်ထမ်းအ​ငြိမ်းစားများမှ သိရှိလိုသည်များ မေးမြန်း၍ မဲပေးစက်ဖြင့် တစ်ဦးချင်းလက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်းသိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)