ပုသိမ် နိုဝင်ဘာ ၂၃
၂၀၂၅- ၂၀၂၆ဘဏ္ဍာရေးနှစ်၊ ရန်ကုန်- ပုသိမ်လမ်းပိုင်း အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို လမ်းဦးစီးဌာနမှ လမ်းလုပ်သားများဖြင့် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ အင်တိုက်အားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညပိုင်းတွင် ရန်ကုန်-ပုသိမ်လမ်း မိုင် ၄၄/၃ တွင် ကွန်ကရစ်လမ်း တည်ဆောက်ရန် မြေသားတာဘောင်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ညဆိုင်းခွဲ၍ ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ( မြို့ပြ)က လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းအရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
လမ်းဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ဘဏ္ဍာရေးနှစ်၊ ရန်ကုန် - ပုသိမ်လမ်းပိုင်းအဆင့်မြှင့်တင်ဆောင်ရွက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မိုင် ၇၈/၀-၇၈/၁ အတွင်း ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း၊ မိုင် ၈၄/၀-၈၄/၁ အတွင်းထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း၊ ရန်ကုန်-ပုသိမ်လမ်း မိုင် ၆၈/၇-၆၉/၀ ကြား ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)