တောင်ငူ နိုဝင်ဘာ ၂၃
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ကြင်ကြင်သန်း၊ တောင်ငူခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုး၊ တောင်ငူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်ညွန့်၊ ခရိုင်ပညာရေးမှူး ဒေါက်တာနော်ဥမ္မာထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ အခမ်းအနားအား အဆိုပါကျောင်းပင်လုံခန်းမ၌ ကျင်းပရာ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အမှာစကားပြောကြားရာတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများကို အခြေခံ၍ ကျင်းပလျက်ရှိပြီး ကျောင်းသားလူငယ်များ နိုင်ငံ့အနာဂတ်လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့် ဓလေ့၊ စာကြည့်တိုက်များသို့ သွားလာသည့် အလေ့အကျင့်များဖြစ်လာစေရန်၊ စာဖတ်ခြင်းကို တန်ဖိုးထားကာ ဉာဏ်ပညာအတွေးအခေါ်မြင့်မားရေး၊ ဗဟုသုတပြည့်စုံကြွယ်ဝရေးတို့အတွက် စာတတ်သူတိုင်း စာဖတ်ကြရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက် ပြုနိုင်သူများ ဖြစ်လာစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း၊
စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့စာကြည့်တိုက်များနှင့် ကျောင်းစာကြည့်တိုက်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့်အတွက် နိုင်ငံတော်အနေနှင့် စာကြည့်တိုက်များ မရှိသေးသည့် ကျေးရွာအုပ်စု၊ ကျေးရွာများတွင် စာကြည့်တိုက်များ တည်ဆောက်လျက်ရှိပြီး ကျေးရွာစာကြည့်တိုက်များ ပြန်လည်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က တောင်ငူမြို့နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်များကို ပေးအပ်လှူဒါန်းရာ ခရိုင်ပညာရေးမှူး ဒေါက်တာနော်ဥမ္မာထွန်းက လက်ခံရယူသည်။ ယင်းနောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဟောပြောဆွေးနွေးသည့် စာပေပညာရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။ ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ပထမဆုရရှိသော ကျောင်းသား၊ ကျောင်းသူတို့က သရုပ်ပြတင်ဆက်ကြပြီး အထက (ကေတု) မှ ကျောင်းသားကျောင်းသူလေးများက “ ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုး၊ ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ကြင်ကြင်သန်း၊ တောင်ငူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်ညွန့်တို့က ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ တက္ကသိုလ်ပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ စာအုပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ၊ စကားပုံဆက်၊ အရုပ်ဆက်ပြိုင်ပွဲ၊ ခွက်နင်းလမ်းလျှောက်ပြိုင်ပွဲ၊ ခါးလှည့်ကွင်းကစားပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့်ကဗျာရွတ်ပြိုင်ပွဲ၊ ကျန်းမာရေးအားကစားနည်းလေ့ကျင့်နေမှုများနှင့် စာအုပ်စျေးရောင်းပွဲတော် ရောင်းချနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပင်လုံခန်းမ၌ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က “စာဖတ်ခြင်းမှရရှိသည့်မျိုးချစ်စိတ်ဓာတ်” ခေါင်းစဥ်ဖြင့် စာပေဟောပြောပွဲကျင်းပပြီး ကျောင်းသားကျောင်းသူများက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ အထက (၄)မှ ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ကြင်ကြင်သန်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီလွင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာ နော်ဥမ္မာထွန်း၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးနှင့် တာဝန်ရှိသူများက စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု (၁)၊ နှစ်သိမ့်ဆု (၂)ဆုများရရှိသည့် ကျောင်းသားကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)