မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၌ ဆေးဘက်ဆိုင်ရာကျွမ်းကျင် (၄) (ဆေးလူမှု) ခြောက်လသင်တန်းဆင်းပွဲ ကျင်းပ

မကွေး နိုဝင်ဘာ ၂၃

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဦးဆောင်မှုဖြင့် တိုင်းပြည်သူ့ဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာနမှာ (၆) လကြာပို့ချခဲ့သည့် ဆေးဘက်ကျွမ်းကျင် (၄) (ဆေးလူမှု) ခြောက်လသင်တန်းဆင်းပွဲကို နိုဝင်ဘာလ ၂၂ ရက်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့  မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊  တိုင်းအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး    ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာမကြီးများ၊ ဆေးလူမှုဌာနမှ သင်တန်းဆရာများနှင့်ဆေးဘက်ကျွမ်းကျင် (၄) (ဆေးလူမှု) ခြောက်လသင်တန်းသို့ တက်ရောက်ခဲ့သော သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဗဟိုအဆင့်နှင့်ပြည်နယ်/ တိုင်းဒေသကြီးအဆင့် ပြည်သူ့ဆေးရုံကြီးများတွင် လစ်လပ်နေသည့် ဆေးဘက်ကျွမ်းကျင်-၄ (ဆေးလူမှု)ရာထူးနေရာများကိုတိုးမြှင့်ခန့်ထားနိုင်ရေးအတွက်မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တိုင်းပြည်သူ့ဆေးရုံကြီး၊ သင်ကြားရေးဆေးရုံကြီး၊မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံကြီးများမှသင်တန်းသူ စုစုပေါင်း (၂၁) ဦးကို တိုင်းပြည်သူ့ဆေးရုံကြီး၌ ဆေးရုံအုပ်ကြီးဦးဆောင်သည့် သင်တန်းဆရာများမှ သင်တန်းဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း၊ သင်တန်းသားသင်တန်းသူများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့ဆေးရုံများတွင် လူနာများအကျိုးရှေးရှုပြီး နိုင်ငံ့ဝန်ထမ်းတစ်ဦး၏ ကျင့်ဝတ်နှင့် ဆေးလူမှုကျွမ်းကျင်ဝန်ထမ်းတစ်ဦး၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က သင်တန်းဆင်းများကိုယ်စား သင်တန်းသူတစ်ဦးကို သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ရာ သင်တန်းဆင်းများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ အဆိုပါသင်တန်းကို သင်တန်းသူ စုစုပေါင်း ၂၁ ဦးဖြင့် မေလ (၁၉) ရက်နေ့မှစတင်၍ ခြောက်လကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)