ချောက်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ချောက် နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိ ယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ ၂၁ ရက်‌နေ့ကစ၍ ကပ်ထားကြေညာလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုး‌ဇော်နိုင်  ဦးဆောင်၍ တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာအတွင်းရှိ မဲဆန္ဒရှင်များ၏ မဲစာရင်းလာရောက်ကြည့်ရှု နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထား‌ကြေညာထားရှိမှုကို နိုဝင်ဘာလ ၂၁ ရက်မှ ဒီဇင်ဘာ ၄ ရက်နေ့ထိ ကြေညာထားမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်း မပါရှိသူများ၊ မဲဆန္ဒရှင်များ အချက်အလက်များ ပြင်ဆင်လိုသူများ၊ မဲစာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည်များကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများတွင် မဲစာရင်း ထုတ်ပြန်ကြေညာသည့် ကာလအတွင်း ပြင်ဆင်လျှောက်ထားနိုင်ကြောင်းနှင့် ထိုသို့ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း(တတိယအကြိမ်) ဒီဇင်ဘာလအတွင်း နောက်ဆုံးအကြိမ် ထပ်မံကပ်ထားကြေညာသွားမည်ကြောင်းသိရသည်။

ချောက်မြို့နယ်တွင် မဲရုံပေါင်း (၄၄)ရုံရှိပြီး ဒုတိယအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင် ဦးရေပေါင်း (၆၁၁၄၂) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)