မုံရွာ နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဌာနဆိုင်ရာများ၊ မြို့မမြို့ဖများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ လေရှီးမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်က ဒေသဆိုင်ရာ အချက်အလက်များနှင့် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက် နေမှုအခြေအနေများနှင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွားမည့် အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် လေရှီးမြို့ရှိ မြို့မိမြို့ဖများနှင့် နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များမှ လေရှီးမြို့၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလိုမှု လုပ်ငန်းအခြေအနေများနှင့် ၂၀၂၆ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပရေး လုပ်ငန်းများကြိုတင်စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေ များအား ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် ဌာနလုပ်ငန်းများ အလိုက် နာဂဒေသအား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးတို့က မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များနှင့် နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များထံ ငွေကျပ် ၁၀ သိန်းစီတို့အား အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဒေသခံတောင်သူများထံ မိုးစပါးဆင်းဧကရီ(၃)၊ အောင်နိုင်တိုးမျိုးစပါးများ၊ အစေ့ထုတ်ပြောင်းမျိုးစေ့များ၊ နေကြာရေဆင်းစပ်မျိုး(၁)နှင့် ဆေးဖျန်းပုံးများအား ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နာဂဒေသအနေဖြင့် မိမိတို့ဒေသ တည်ငြိမ်အေးချမ်းမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး လူနေမှုဘဝအဆင့်အတန်းများမြင့်မားလာမည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မိမိဒေသအတွင်းရှိ ပြည်သူများ စားရေရိက္ခာဖူလုံပြည့်ဝအောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများဆောင်ရွက်ခြင်းအပြင် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးနှင့် အဓိကသီးနှံများ အထွက်နှုန်းတိုးရေးကို ကြိုးပမ်းဆောင်ရွက်သွာရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့် မိမိတို့၏တာဝန်ကျေပွန်ရန်နှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာထားကာ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး/မွေးမြူရေးနှင့် MSMEs လုပ်ငန်းများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည် ကားသိုက်မြိုက်အောင် ကျင်းပရေးသွားရေးအား ဒေသခံတိုင်းရင်းသားများနှင့် ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မကြာမီကျင်းမည့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်အောင် ကျင်းပရေးအတွက် တာဝန်ရှိသူအားလုံးအနေဖြင့် အလေးထားကာပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း မှာကြားကာ မြို့မိမြို့ဖများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ကိုတာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တွေ့ဆုံပွဲသို့ တက်ရောက် လာကြသည့် ဒေသခံတိုင်းရင်းသားများနှင့် ဌာနဆိုင်ရာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့၌ ၂၀၂၆ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပမည့် မုခ်ဦး၊ ဒေသထွက်ကုန်များနှင့် ရိုးရာပြခန်း၊ ဌာနဆိုင်ရာ ပြခန်းများ၊ စတိတ်စင်၊ ဗဟိုမဏ္ဍပ်၊ နာဂရိုးရာယဉ်ကျေးမှုပြတိုက် နှင့်ပွဲကြည့်စင် တည်ဆောက် နေမှုများ၊ မီးပုံပွဲကျင်းပမည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လေရှီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ရှိ ဒေသခံတိုင်းရင်းသားများနှင့် ပြည်သူများ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် MEVM မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးနိုင်ရန်အတွက် စမ်းသပ်သရုပ်ပြဆန္ဒမဲပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မဲရုံမှူးနှင့်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့၊ အမှုထမ်းရပ်ကွက်ရှိ မဲရုံအမှတ်(၁)တွင် ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာထားရှိမှုအား ဒေသခံတိုင်းရင်းများနှင့် ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများအား သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)