ငပုတော နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း အသိပေးထုတ်ပြန်ကြေညာခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများတွင် ထုတ်ပြန်ကြေညာပေးထားရာ ဒေသခံ ပြည်သူများ စိတ်ဝင်တစားလာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ယခုဒုတိယအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများ မဲစာရင်းတွင် ပါဝင်ခြင်းရှိ/မရှိသိရှိနိုင်ရန် နိုဝင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ ၁၄ ရက်ကြာ ထုတ်ပြန်ကြေညာထားရှိမည်ဖြစ်ကြောင်းသိရပြီး ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာနယ်မြေအလိုက် ထုတ်ပြန်ကြေညာပေးထားသော မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက မိမိတို့အမည်မဲစာရင်းတွင် ပါ/မပါစိတ်ဝင်တစား လာရောက် ကြည့်ရှုကြသည်။
အဆိုပါမဲဆန္ဒရှင် စာရင်းကပ်ထားရာနေရာများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာ မဲဆန္ဒရှင်များ၏ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင် စာရင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်းမပါရှိသူများသည် ထပ်တိုးစာရင်း ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲဆန္ဒရှင်အချက်အလက်များ ပြင်ဆင်လိုပါကပုံစံ(၄-ဂ)ဖြင့်လည်းကောင်း၊ မဲစာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုပါက ပုံစံ(၄)ဖြင့်လည်းကောင်း ဖြည့်စွက်၍ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူလျောက်ထားရန် မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ