ကယားပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ သန့်ရှင်းသာယာရေး ဆောင်ရွက်မှု၊ မဲရုံအဖွဲ့ဝင်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှုများ  ကြည့်ရှုစစ်ဆေး

လွိုင်ကော်      နိုဝင်ဘာ        ၂၂

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်း ကျောင်းသားကျောင်းသူများ  စိတ်အေးချမ်းသာစွာဖြင့် တက်ရောက် ပညာသင်ကြားနိုင်ရန် အလေးထား ဆောင်ရွက်ပေးလျက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည်ဒေသ ကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက်လွိုင်ကော် ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်ပရဝဏ်အတွင်း သန့်ရှင်းသာယာရေး ဆောင်ရွက် မှု၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်သင်တန်း ဖွင့်လှစ်ဆောင်ရွက်မှုနှင့် အဝေးပြေး မော်တော်ယာဉ်လိုင်းများ  တိုးချဲ့ပြေးဆွဲမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်သို့ သွားရောက်ပြီး ကျောင်းပရဝဏ် သန့်ရှင်းသာယာလှပရေး နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။ ပြည်နယ်ဝန်ကြီးချုပ်ကကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် သန့်ရှင်းသာယာမှုရှိသည့် ကျောင်းပတ်ဝန်းကျင်ဖြစ်အောင် ဆောင်ရွက်ပေးရန်နှင့် ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးအတွက်ကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။  ထို့နောက် တက္ကသိုလ်၊ ကောလိပ် ကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမများအား တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်ခန်းမသို့ ရောက်ရှိကာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား မဲရုံမှူးသင်တန်းနှင့် MEVM စက်ကိုင်တွယ် အသုံးပြုနည်း သင်တန်းဖွင့်လှစ်သင်ကြားနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။ ပြည်နယ် ဝန်ကြီးချုပ်က ဝန်ထမ်းများအနေဖြင့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင် တာဝန်များကို ဆောင်ရွက်ရာတွင် အမှားအယွင်းကင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် သင်ခန်းစာများကို စနစ်တကျ ကျွမ်းကျင် တတ်မြောက်အောင် အလေးထား သင်ယူကြရန်ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်ပြီးမြောက်စေရန် မိမိတို့အား ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း၊ လုပ်ငန်းတာဝန်များကို အဆင်ပြေချောမွေ့စွာ ထမ်းဆောင်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့မှ စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိပြီး အခက်အခဲ၊ လိုအပ်ချက်များ မရှိအောင် အဖက်ဖက်မှ ဖြည့်ဆည်းပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားကာ သင်တန်းသား၊ သင်တန်းသူများ၏ MEVM စက်များ လက်တွေ့စမ်းသပ်လုပ်ဆောင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် အဝေးပြေးမော်တော်ယာဉ်ရပ်နားစခန်းသို့ရောက်ရှိပြီး မော်တော်ယာဉ်လိုင်းများ တိုးချဲ့ပြေးဆွဲမှု၊ မော်တော်ယာဉ်လိုင်း အဆောက်အအုံများနှင့် ယာဉ်ရပ်နားရန်နေရာများ တိုးချဲ့ ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးအောင် ဆောင်ရွက်ရန်၊ ယာဉ်ဝင်ထွက်သွားလာမှုများနှင့် ခရီးသည်ဝင်ထွက်မှုများ စနစ်တကျ ဖြစ်စေရေး၊ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို ယခုထက် ပိုမိုကောင်းမွန်အောင် စီမံပေးရန်နှင့် ခရီးသည်နားနေဆောင်များ စနစ်တကျ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ကားလက်မှတ်အရောင်း ဌာနများတွင် နေ့စဉ် ခရီးစဉ်များပြေးဆွဲမှုနှင့် ကုန်စည်များ သယ်ယူပို့ဆောင်မှု၊ ခရီးသည်ဝင်ထွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လမှစ၍ ကယားပြည်နယ်မှ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသို့ အဝေးပြေး မော်တော်ယာဉ်လိုင်း ၉ လိုင်းဖြင့် စတင်ပြေးဆွဲခဲ့ရာမှ ယခုအခါ မော်တော်ယာဉ်လိုင်း ၁၉ လိုင်းအထိ တိုးချဲ့ပြေးဆွဲလျက်ရှိပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့တို့နှင့် အခြားမြို့များသို့ နေ့စဉ်တိုက်ရိုက်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။          

ပြည်နယ်(ပြန်/ဆက်)